![Lupin (2021) [Season 2]](https://image.tmdb.org/t/p/w342/lE6RpQgLKKS6nqbJKY3OfbOndm3.jpg)
အနူးချန်ဒရာဟာ မွမ်ဘိုင်းမှာမသိသူမရှိနာမည်ကြီးလှတဲ့ရှေ့နေ ဘီကရမ်ချန်ဒရာရဲ့ဇနီးသည်ဖြစ်ပြီး သူတို့ဇနီးမောင်နှံမှာ ဆယ့်နှစ်နှစ်အရွယ်ရီယာဆိုတဲ့ သမီးတစ်ယောက်ရှိပါတယ်။အနူးချန်ဒရာဟာ စိတ်ဝေဒနာတစ်မျိုးမျိုးခံစားနေရပြီး ဆေးတွေမှီဝဲနေရပါတယ်။ အဲ့ဒီည အိပ်ယာထဲမှာဘီကရမ်က လင်မယားကိစ္စကိုအနူးစိတ်မပါပဲအနိုင်အထက်ပြုကျင့်သလိုပုံစံမျိုးပြုမူခဲ့မိတယ်။ မကြာခင်မှာ အနူးအိပ်ယာထဲက ထသွားတယ်၊ အောက်ထပ်က တစ်စုံတစ်ခုကိုရှာရင်း ဓားတစ်လက်နဲ့ အခန်းထဲကိုပြန်ဝင်လာခဲ့ပါတယ်။ အဲ့ဒီကြားကအဖြစ်အပျက်တွေအပြီးခဏတာမှာ သူတို့သမီးငယ် ရီယာ အသံဗလံတွေကြားလို့ သူတို့အခန်းထဲကိုဝင်အလာမှာတွေ့လိုက်ရတာကတော့ ကျောခိုင်းထွက်သွားတဲ့ အနူး နဲ့ အိပ်ယာပေါ်မှာ ဓားတန်းလန်းနဲ့အသက်ငင်နေတဲ့ ဘီကရမ်တို့ကိုပါပဲ။
အမှုကိုဖြစ်နိုင်ချေတွေအနေနဲ့ စဉ်းစားကြည့်ရအောင်။ အနူးဟာ သာမန်မိသားစုက လာတဲ့မိန်းကလေးတစ်ယောက်၊အနူးမှာစိတ်ရောဂါရှိတယ်။ စိတ်ဝေဒနာခံစားနေရကြောင်းလဲ နောက်ကြောင်းအခိုင်အမာ သက်သေလဲရှိတယ်။ အဲ့ဒီညက ဓားကိုသူကိုင်လာခဲ့တာ၊ဘီကရမ် ဓားထိုးခံလိုက်ရတဲ့အချိန်တုန်းက အခန်းထဲမှာ သူတို့နှစ်ယောက်တည်းရှိနေတာ၊ သူ့သမီးကိုယ်တိုင်ကပါ သူ့အမေ ထိုးသွားတဲ့ဓားကို သူပြန်နူတ်ယူထားရပါတယ်ဆိုတဲ့ ထွက်ဆိုချက်တွေနဲ့ ၊ တစ်ဖက်က ဘီကရမ်ကတော့ နာမည်ကျော် ဒိတ်ဒိတ်ကျဲရှေ့နေတစ်ယောက်။ အားလုံးရဲ့အမြင်မှာ ဖြူစင်သဘောထားဖြောင့်လှတဲ့သူ၊ မတရားတဲ့အမှုတွေဘက်က အခမဲ့ရပ်တည်ပေးတတ်တဲ့သူ။ ဒါတွေအပြင်ကိုမှ ဇနီးသည်အပေါ်မှာရော သမီးဖြစ်သူကိုပါအသေးစိတ်စောင့်ရှောက်ဂရုစိုက်တတ်လွန်းသူကြီးအဖြစ် တစ်ဦးတည်းသော မျက်မြင်သက်သေ သူ့သမီးငယ်ကလက်ခံယူဆထားပြီးဒီအဖေကို သတ်တဲ့အတွက် သူ့မိခင် အနူးကို မုန်းတီးနာကျည်းနေတဲ့ အခြေအနေမျိုးမှာ..။
စလာကတည်းက ပဟေဠိတွေ မြုပ်ကွက်တွေ ဇာတ်ကောင်တွေကြားက ကိုယ်တွေမသိနိုင်တဲ့ ဆက်ဆံရေးတွေကို လှလှပပတစ်ဆင့်ချင်း ဖွဲ့တည်သွားခဲ့သလိုအချိန်တန်လာတဲ့အခါ တစ်ရစ်ချင်းပြန်ဖြည်ပြသွားပါတယ်။ ဘယ်သူမှ မလိုက်ရဲမလိုက်ဝံ့နိုင်ချေမရှိသလောက်ဖြစ်နေတဲ့အမှုကို ရဲရဲဝံ့ဝံ့(အူကြောင်ကြောင်)နဲ့ လက်ခံရယူသွားခဲ့သူကတော့ ဇာတ်လိုက်ကျော်ကြီး မာဒတ်ဗ်ဂျီး (Pankaj Tripathi) ပါပဲ။
တကယ်တမ်း ဒီအမှုကို အနူးကျူးလွန်ခဲ့တာဟုတ်မဟုတ်ကို အနူးကိုယ်တိုင်တောင်သေချာသိတဲ့ပုံမပေါ်ပါဘူး။ အနူးဟာ စိတ်ကျရောဂါနဲ့ဆေးတွေသောက်နေရပါတယ်၊နောက်ပိုင်းစစ်မေးမှုတွေမှာ သူဟာ ဘီကရမ်ကိုအင်မတန်ကြောက်ရတဲ့ပုံစံမျိုးတွေတွေ့ရသလို ဘီကရမ်ကလဲ အများထင်သလိုစင်းလုံးချောသဘောထားဖြောင့်သူကြီးမဟုတ်နိုင်တဲ့ အကြောင်းအရာတွေကိုလဲတွေ့လာရပါတယ်။ ခေါင်းစဉ်တပ်ထားတဲ့အတိုင်း ပိတ်ထားတဲ့တံခါးတွေရဲ့နောက်ကွယ်ကအဖြစ်အပျက်တွေကို အပြင်ကလူဖြစ်တဲ့ ကျွန်တော်တို့ဟာလုံးစေ့ပတ်စေ့ နားလည်နိုင်မှာမဟုတ်ပါဘူး။
တံခါးတွေရဲ့နောက်ကွယ်ကလျှို့ဝှက်ချက်တွေကို Criminal Justice: Behind Closed Doors မှာဆက်လက်ရှုစားကြရအောင်။
သရုပ်ဆောင်၊ဇာတ်လမ်းဇာတ်ညွှန်း၊တင်ဆက်ပုံအစရှိတာတွေ ထိပ်တန်းအဆင့်နီးပါးအပြစ်ပြောစရာနည်းပါးထောင့်စေ့လှတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ (ပထမဆီဇင်ကဇာတ်ကောင်တွေပြန်လည်ပါဝင်လာပေမယ့် ဇာတ်လမ်းအဆက်အစပ်မရှိတဲ့အတွက်အခုမှစကြည့်လဲအဆင်ပြေပါတယ်)