/
The Omen (1976)

The Omen (1976)

Rotten Tomatoes… 86%
IMDb… 7.6

ပုံပါ The Omen ဇာတ်ကားသက်တမ်းဟာ
June လ 6 ရက်နေ့တုန်းက 42 နှစ်ပြည့်ခဲ့ပြီ။
ဒါရိုက်တာကြီး Richard Donner ရဲ့ လက်ရာပဲဖြစ်ပါတယ်။
Richard Donner ဟာဆိုရင်
ဂန္တဝင် Superman ပင်တိုင်မင်းသားကြီး Christopher Reeves ရဲ့ Superman ဇာတ်ကားကိုလည်း အသက်သွင်းပေးခဲ့ပြီး
ထိုကားနဲ့ပဲ ဗြိတိသျှ အကယ်ဒမီဆုကို ဆွတ်ခူးပေးခဲ့သူလဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ထိတ်လန့်ဖွယ်အကောင်းဆုံးက ကျွန်တော့်အမြင်မှာ
ဒီဇာတ်ကားရဲ့ မင်းသားကြီး Gregory Peck
နဲ့ ဂီတပညာရှင်ကြီး Jerry Goldsmith ရဲ့
နောက်ခံတီးလုံး Ave Satani ပဲ။
နောက်ခံတီးလုံး၊ Original Score အတွက်လည်း
Oscar ဆုရရှိခဲ့ပါတယ်။
အစပိုင်းထဲက ကြည့်ရသူရင်မှာ တဒိတ်ဒိတ်နဲ့ရယ်။
ဒီဇာတ်ကားက တကယ့်ကို
ကျိန်စာသင့်ရုပ်ရှင်လို့ အမည်တွင်ခဲ့ပါတယ်။
မင်းသားကြီး Gregory Peck ဟာ ဒီဇာတ်ကားကိုရိုက်ဖို့ စာချုပ်ချုပ်လိုက်တဲ့ ညနေမှာပဲ
သူ့ရဲ့ သားကြီးဖြစ်သူ Jonathan Peck ဟာ
ကိုယ့်ခေါင်းကိုယ် အကြောင်းမဲ့ သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားခဲ့ပါတယ်။
သေတမ်းစာလေးတောင် ချန်မသွားခဲ့ပါဘူး။
သားကြီးဖြစ်သူကိုဆုံးရှုံးထားတဲ့ Gregory Peck ဟာ သူ့သားသေဆုံးမှုကို သောကရောက်တဲ့ စိတ်နဲ့ပဲ စာချုပ်လက်ခံပြီးသား
The Omen ကို ရိုက်ကူးခဲ့ရပါတယ်။
ဇာတ်ကားမှာလည်း မင်းသားကြီး Gregory
မျက်နှာပေါ် သောကဖိစီးနေတာ
အထင်းသားပေါ်လွင်နေခဲ့ပါတယ်။
ကျိန်စာသင့်ရုပ်ရှင်ကြောင့် ကံဆိုးမိုးမှောင်ကျမှုတွေဟာ
ဒီလောက်နဲ့ရပ်တန့်သွားပြီလား။
မရပ်တန့်ခဲ့ပါဘူး။
ရိုက်ကူးရေးအတွက် မင်းသားကြီး Gregory လန်ဒန်အသွားမှာ လေယာဉ်ကို မိုးကြိုးပစ်ခံခဲ့ရပါတယ်။
ဇာတ်ညွှန်းရေးဆရာ David Seltzer နဲ့ ထုတ်လုပ်ရေး ပရိုဂျုဆာ Mace Neufeld တို့လည်း
လန်ဒန်ရိုက်ကူးရေးကိုအလာမှာ လေယာဉ်ကို
မိုးကြိုးပစ်ခံခဲ့ရပြန်ပါတယ်။
နွေခေါင်ခေါင်ကြီးမှာ သူတို့လေယာဉ်တွေကိုပဲ
ကွက်ပြီး မိုးကြိုးပစ်ခံရတာပါ။
ရိုက်ကွင်းအတွက် လေယာဉ်စင်းလုံးငှါးပြန်ရာမှာလည်း
ရိုက်ကူးရေးအဖွဲ့သားတွေလိုက်ပါလာတဲ့
လေယာဉ်ဟာ ရုတ်တရက်ပျက်ကျပြီး
ကားတစ်စင်းကိုဝင်တိုက်ခဲ့လို့ ရိုက်ကူးရေးအဖွဲ့သားတွေအကုန် အသေဆိုးနဲ့သေဆုံးခဲ့ပြန်ပါတယ်။
ရုပ်ရှင်လည်းရိုက်ရော ပထမဦးဆုံးဇာတ်ဝင်ခန်းမှာတင် ရောမမြို့ထဲမှာ အဓိကသရုပ်ဆောင်နှစ်ဦး လမ်းလျှောက်လာစဉ်
ရိုက်ကူးရေးမှာသုံးတဲ့ ဟန်ပြကားတစ်စီးဟာ
မတော်တဆ ဘရိတ်ပေါက်ပြီး
ရိုက်ကွင်းထဲက သရုပ်ဆောင်တွေကို
တည့်တည့်ကြီးဝင်တိုးခဲ့ပြန်ပါတယ်။
ကံသီပေလို့သာ အုတ်ခုံနဲ့ထိုကားနဲ့ဝင်တိုက်ပြီး
သရုပ်ဆောင်တွေ ထပ်မသေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
ကံဆိုးမှုတွေ ဒီလောက်နဲ့
အတောမသတ်နိုင်သေးဘူးလား။
နိုး…နိုးပါ။
တစ်ရက် ရိုက်ကူးရေးအဖွဲ့တွေ ရိုက်ကူးရေးခေတ္တနားချိန် စားသောက်ဆိုင်တစ်ဆိုင်မှာ
နေ့လည်စာဝင်စားပြီး ဆိုင်ကပြန်အထွက်လေးတင်
စားသောက်ဆိုင်ထဲ ဗုံးထပေါက်သံကြားလိုက်ရပါတယ်။
ထပ်ကံသီပေလို့သာပေါ့။
အရှေ့မှာလည်းဖြစ်ခဲ့တဲ့ အသေဆိုးနဲ့သေဆုံးမှုတွေရော၊ မတော်တဆဖြစ်မှုတွေရောကြောင့် ရိုက်ကူးရေးအဖွဲ့တွေဟာ
ခပ်လန့်လန့် သတိကြီးစွာနဲ့ပဲ ဒီရုပ်ရှင်ကို
အားတင်းပြီး ဆက်လက်ရိုက်ကူးခဲ့ရပါတယ်။

စေတန်နတ်ဆိုးရဲ့သားတော်ဖြစ်တဲ့
ပညာသည်ကလေးလေး Damien ဟာ
လန်ဒန်မြို့တိရစ္ဆာန်ဥယျာဉ်ထဲကို ရောက်သွားတဲ့ ဇာတ်ဝင်ခန်းမှာဆိုရင် တိရစ္ဆာန်တွေဟာ
Damien ကိုမြင်တာနဲ့ ဟိန်းဟောက်သောင်းကျန်းကုန်ကြပါတယ်။ မျောက်တွေနဲ့ Damien နဲ့ တိုက်ခိုက်တဲ့အခန်းမှာဆိုရင်လည်း
မျောက်တွေက Damien လေးကို တကယ်ကြီး သဲကြီးမဲကြီးကို တိုက်ခိုက်ခဲ့ကြတာပါ။
အဖွဲ့သားတွေဝိုင်းထိန်းလို့သာ Damien လေး
မသေဆုံးခဲ့တာပါ။
Damien လေးမသေပြန်တော့လည်း
တိရစ္ဆာန်ရုံထဲက ရုံဝန်ထမ်းတစ်ယောက်
တစ်ခါမှမကြုံစဖူး အရှင်လတ်လတ်
ကျားအစားခံပြီး သေဆုံးခဲ့ရပါတယ်။

ဒီဇာတ်ကားရဲ့ နာမည်ကြီးဇာတ်ဝင်ခန်းတစ်ခုလည်းဖြစ်တဲ့ မင်းသားကြီး Gregory ရဲ့လက်ကို
ခွေးတွေဝိုင်းကိုက်တဲ့အခန်းမှာ
ယဉ်ပါးအောင်အထူးသင်ပေးထားတဲ့
ခွေးတွေကိုသုံးခဲ့တာတောင်
တကယ့်ရိုက်ကွင်းထဲလည်းရောက်ရော
စတန့်သမား ရဲ့ လက်ကို ခွေးတွေဟာ
တကယ်ကြီးစုတ်ပြတ်သတ်သွားအောင်
ကိုက်ပစ်ခဲ့တဲ့အတွက် စတန့်သမားအသက်ကိုတောင် မနည်းရအောင် ကယ်ဆယ်ခဲ့ရပါတယ်။
ကံဆိုးလိုက်တဲ့ The Omen… ။

ဇာတ်လမ်းအကျဉ်း
===========
ငွေကြေးပြည့်စုံပြီး အရာရာလိုလေသေးမရှိတဲ့
ဇနီးမောင်နှံနှစ်ဦးမှာ တစ်ခုတည်းသော
လိုအပ်ချက်ကတော့
သားသမီးရတနာမွေးဖွားဖို့ပါပဲ။
6 ရက်နေ့ 6 လပိုင်း 6 နာရီမှာ
ဇနီးသည် Katherine Thorn ဟာ ကလေးအသေလေးကို မွေးဖွားခဲ့ပါတယ်။
ခင်ပွန်းသည် အမေရိကန်သံအမတ်ကြီး Robert Thorn ဟာ ဇနီးသည်ကို
ကိုယ့်သွေးသားအရင်းသေဆုံးသွားခဲ့မှန်း
မသိလေရအောင် တခြားကလေးငယ်တစ်ဦးနဲ့ အစားထိုးလဲလှယ်မွေးစားခဲ့ပါတယ်။
အစားထိုးမွေးစားမိတဲ့ကလေးလေးဟာ
တကယ်တမ်းကျ စေတန်နတ်ဆိုးရဲ့သားတော်
ပညာသည်ကလေးလေး ဖြစ်နေတဲ့အခါမှာတော့…. ။

The Omen ဇာတ်ကားကို ဒီလိုကျိန်စာသင့်
ကံဆိုးမှုတွေကြားထဲက ဖြစ်မြောက်အောင်
ရိုက်ကူးခဲ့ပြီး
1976 ခုနှစ် 6 လပိုင်း 6 ရက်နေ့မှာ ရုံတင်ပြသခဲ့ပါတယ်။
ဇာတ်ကားထဲမှာလည်း 6.6.6 ၊ ရုံတင်တဲ့နေ့ကလည်း 6.6.6 ။
6 ဂဏန်းတွေကြောင့်ရယ် စေတန်နတ်ဆိုးရဲ့
သားတော်အကြောင်းရိုက်ကူးထားတာကြောင့်ရယ် The Omen ရုပ်ရှင်ဟာ ဒီလောက်တောင်
ဖြစ်ရပ်ဆိုးတွေနဲ့ ကျိန်စာသင့်ခဲ့ရသလားဆိုတာ
စဉ်းစားစရာ ပဟေဠိတစ်ခုအဖြစ် ကျန်ရစ်နေဆဲပါ။
တချို့သူတွေကလည်း ဒီအကြောင်းတွေကို
လုပ်ဇာတ်တွေဆိုပြီး မယုံကြည်တဲ့သူတွေရှိလေရဲ့။
သို့ပေမယ့်လည်း ဒီအကြောင်းတွေဟာ
လုပ်ဇာတ်တစ်ခုမှ မပါဝင်ဘဲ တကယ်ကြုံတွေ့ခဲ့ရသမျှကို မှတ်တမ်းတင်ထားခဲ့တာတွေပါ။
လောကမှာ တချို့အရာတွေက
ကိုယ်ကမယုံကြည်ပေမယ့် အမှန်တရားအရ
မယုံလို့မရတာတွေက ရှိတတ်တာမဟုတ်ပါလား….. ။

ရုပ်​ရှင်​အညွှန်းကိုတော့ ကို Chan Myae Kyaw မှ ရေးသားပေးထားပြီး ဘာသာပြန်​သူကတော့ ကို John La Yaung ပါ။

Translated by John La Yaung
Encoded by Zon Myat Noe Swe

Genre: Director: Country: Released: 25 June 1976 (USA)
Score: 7.6 Duration: 1h 51min Quality: 720p Years: View: 1,503