/
Ready Player One (2018)

Ready Player One (2018)

အချိန်က သက္ကရာဇ် ၂၀၄၅။ လူတွေဟာ OASIS လို့ခေါ်တဲ့ virtual reality ဂိမ်းကမ္ဘာထဲဝင်ပြီး စိတ်အပန်းဖြေဖို့ ဝင်ဆော့ကြတယ်။ သွားချင်တဲ့နေရာသွား ၊ လုပ်ချင်တာလုပ် ၊ စိတ်ထဲပေါ်လာသမျှအကုန်နီးပါးဖြစ်တဲ့နေရာပေါ့။ OASIS ဖန်တီးသူ James Halliday သေဆုံးချိန်မှာတော့ သူ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့အတူ ပြိုင်ပွဲတစ်ခုထားခဲ့တယ်။ ဂိမ်းစကားအရဆိုရင်တော့ Easter Egg ပေါ့။ Easter Egg ကိုရှာတွေ့ပြီး နိုင်အောင်ဆော့နိုင်တဲ့သူက OASIS ကိုထိန်းချုပ်ခွင့်ရမယ့်အပြင် James ရဲ့ပိုင်ဆိုင်မှုတွေကိုပါရရှိပါမယ်။ ပလေယာတွေထဲမှာတော့ သာမန်ချာတိတ်တစ်ယောက်သာဖြစ်တဲ့ Wade Watts နဲ့ သူငယ်ချင်းများရဲ့ High Five အဖွဲ့ပါဝင်ပါတယ်။ ဂိမ်းတခုဆိုတာထက်ပိုတဲ့ ထူးထွေဆန်းပြားတဲ့ဂိမ်းကမ္ဘာ OASIS ကိုပိုင်ဆိုင်နိုင်ဖို့ မသမာသူတွေလည်းကြိုးစားလာပါတော့တယ်။ OASIS ကိုကယ်တင်ဖို့ High Five အဖွဲ့သားတွေရဲ့ကြိုးစားမှုအောင်မြင်ပါ့မလားဆိုတာကို ရုပ်ရှင်မှော်ဆရာကြီး Steven Spielberg ဖန်တီးတဲ့ မှော်ဝင်ဂိမ်းကမ္ဘာထဲ စီးမျောခံစားရမှာပါ။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ 80s ကိုပြန်တမ်းတတဲ့ nostalgic ဖြစ်တဲ့ကားတွေထွက်လာပြီး ပရိသတ်လည်းတော်တော်အားပေးခဲ့ကြတယ်။ ကျနော်ကြည့်ဖူးသလောက်ဆို Guardians of the Galaxy, Stranger Things, It စသဖြင့်ပေါ့။ တိုက်ဆိုင်တာတော့မဟုတ် အဲဒီဇာတ်ကားတွေကိုဖန်တီးတဲ့သူတွေက 1980 ဝန်းကျင်မှာမွေးခဲ့တဲ့သူတွေပါ။ မြန်မာပြည်ကကျနော်တို့အနေနဲ့ကတော့ တချို့အစိတ်အပိုင်းတွေကိုပဲ ထိတွေ့ခွင့်ရခဲ့တာပါ။ ကျနော်ဆို Atari games တွေမသိဘူး။ famicom ၊ စူပါနင်တန်းဒိုး စတာတွေနဲ့တော့ တော်တော်ရင်းနှီးခဲ့တာကလား။ 80s ရုပ်ရှင်တွေ ၊ သီချင်းတွေ ၊ ဂိမ်းတွေကို သိရင် ဒီကားကပိုကြည့်ကောင်းပါတယ်။

ဆိုတော့ကာ Trailer ကြည့်ကတည်းက ကြားလိုက်ရတာက Van Halen ရဲ့ Jump သီချင်း။ Van Halen ကိုတော့ မျိုးကြီးကျေးဇူးနဲ့ Can’t Stop Lovin’ You ဆိုတဲ့သီချင်းနဲ့ရင်းနှီးနေခဲ့တာ။ မျိုးကြီးဗားရှင်းကတော့ “အချစ်တွေမရပ်နိုင်ဘူး” ပေါ့။ 80s rock သီချင်းတွေ ကကိုယ်တွေနားနဲ့ သိပ်ယဉ်ပါးနေတာဆိုတော့ ချက်ချင်းသဘောကျသွားတာပဲ။ မြန်မာပြည်မှာက ၉၀ နှောင်းပိုင်းအထိ 80s သီချင်းတွေကို ကော်ပီပြန်ဆိုတုန်းကိုး။ ရုပ်ရှင်ထဲမှာ 80s ဝန်းကျင်ကနာမည်ကြီးသီချင်းတွေကို ရွေးသုံးထားတယ်။ 70s ကသီချင်းတချို့တောင်ပါမယ်။ Soundtrack ကတော့ မိုက်တယ် ကျနော့်အကြိုက်ပါပဲ။ မသိတဲ့သီချင်းတွေပါတယ် ဒါပေမယ့် အခုသိသွားပြီး ကြိုက်နေတယ်။

ဇာတ်ကားအကြောင်းပြောရရင် OASIS ဆိုတာက virtual reality ဂိမ်းကမ္ဘာဆိုတော့ ဇာတ်ကားရဲ့အခန်းတော်တော်များများက CGI တွေဖြစ်နေတာပေါ့။ အစပိုင်းမှာတော့ အဲ့အခန်းတွေများလို့စိတ်ထဲ မချင့်မရဲဖြစ်မိတာ။ Animation ကားမဟုတ်တော့ လူအစစ်တွေသရုပ်ဆောင်တာကိုပဲ ကြည့်ချင်မိတာကိုး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ မျက်စိလည်းကျင့်သားရလာသလို virtual reality ထဲကနေထွက်ပြီး သရုပ်ဆောင်တွေရဲ့ဇာတ်ဝင်ခန်းတွေကို ကြည့်ရတဲ့အချိန်မှာတော့ ကျနော်ဘဝင်ကျသွားပါတယ်။ မင်းသမီးကို virtual reality ထဲကပုံကိုပဲမြင်နေရာကနေ တကယ့်လူကိုစပြတော့ သြော်ဒီလိုပါလားဆိုတဲ့ ခံစားချက်လေးရခဲ့တယ်။ အပြင်လောကသည်သာ အစစ်အမှန်ကိုး။ ခြုံကြည့်ရင်တော့ ဟိုဖက်ဒီဖက်မျှအောင်သေချာဂရုတစိုက်စီစဉ်ထားတာကိုတွေ့ရပါတယ်။

နောက်တစ်ခုပြောချင်တာက Daito (Toshiro Yoshiaki) အဖြစ်သရုပ်ဆောင်တဲ့ အဝင်း။ မြန်မာပြည်ဖွားလူငယ်လေးတယောက်ကို ဟောလိဝုဒ်ရုပ်ရှင်ထဲမှာ မြင်ရတာ သိပ်ဝမ်းသာပါတယ်။ ကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရတော့ တောက်မယ့်မီးခဲကတော့ ပိုပြီးရဲရဲတောက်တာပေါ့ခင်ဗျာ။ မုဒိတာပွားရပါတယ်။ အရံဇာတ်ကောင်ဆိုပေမယ့် မင်းသားရဲ့သူငယ်ချင်းဆိုတော့ အဓိကတော့ကျတယ်။ ထင်ထားတဲ့အတိုင်း အဝင်းအတွက် စကားပြောခန်းနည်းပေမယ့် လုပ်ကွက်ရတာလေးတွေကို အကောင်းဆုံးလုပ်သွားတယ်။ Daito ကို virtual world ထဲက avatar ပုံစံနဲ့ပဲမြင်နေရာကနေ လူပုံစံနဲ့ Daito ကိုမိတ်ဆက်ပေးတဲ့အချိန်မှာတော့ ကျနော်တော်တော်သဘောကျသွားပါတယ်။ Steven Spielberg လုပ်လေ့ရှိတဲ့ character introduction မျိုးပါပဲ။ Raiders of the Lost Ark ဇာတ်ကားအစမှာ ၃ မိနစ်ကျော်တဲ့အထိ Indiana Jones ရဲ့မျက်နှာကိုမပြဘဲ လှုပ်ရှားမှုတွေကိုပဲပြနေရာကနေ အချိန်တခုအရောက်မှာ မျက်နှာကိုပြလိုက်တဲ့ပုံစံ။ ဒီကားမှာတော့ အဝင်းရဲ့ character introduction ကစက္ကန့်ပိုင်းပဲကြာတယ်။ ဒါပေမယ့် မိုက်တယ်။ ခေးတို့ မွီးတို့ ဟေးခနဲထအော်ကြမှာ ကျိန်းသေတယ်။

ဇာတ်ကားကြာချိန်က ၂ နာရီ မိနစ် ၂၀ ဆိုတော့ နဲနဲရှည်တဲ့အထဲမှာပါတယ်ခင်ဗျ။ စလယ်ဆုံး ၃ ပိုင်းပိုင်းလိုက်ရင် second act အစမှာနဲနဲလေးနှေးတယ်လို့ ခံစားရတယ်။ Third act ကိုကူးချိန်ကစပြီးတော့ ဒါရိုက်တာကြီးက ပညာတွေပြပြီး ဇာတ်ရှိန်ကိုမြှင့်သွားတာ ပြီးတဲ့အထိပါပဲ။ အရမ်းမိုက်တယ်။

၇၀ ၊ ၈၀ ၊ ၉၀ ပြည့်နှစ်ပိုင်းတွေက သီချင်းတွေ ၊ ရုပ်ရှင်တွေ ၊ ဂိမ်းတွေကို ဇာတ်လမ်းထဲမှာ သေသေသပ်သပ်ထည့်သွင်းထားတာကို တွေ့ရမှာပါ။ သိတဲ့သူတွေ နားလည်တဲ့သူတွေကတော့ အရသာတမျိုးရမှာပါ။ အဲဒါတွေမသိရင်တောင်မှ လူသားဆန်တဲ့ ဇာတ်လမ်းလေးကို နားလည်ခံစားနိုင်ပါလိမ့်မယ်။ လူတိုင်းတော့ ကြိုက်ချင်မှကြိုက်မယ်။ ဒါပေမယ့် စိတ်ကူးယဉ်ဖျော်ဖြေရေးရုပ်ရှင်တစ်ကားကို ဒီလိုရိုက်ရပါလားဆိုတာကို ပြသွားတာပဲ။ ပရိသတ်တွေအတွက် အပန်းပြေပြီးကြည့်ကောင်းတဲ့ ဇာတ်ကားဖြစ်သလို ၊ ရုပ်ရှင်ပညာစိတ်ဝင်စားသူများအတွက် Steven Spielberg ရဲ့ ရှေးဦးပိုင်းလက်ရာမျိုးကို ပြန်လေ့လာနိုင်မယ့်ကားပါ။

ဒီကားက မထွက်ခင်အရမ်း hype တက်နေတာပါ။ ဒါပေမယ့် ကျနော်က သိပ်ကောင်းမယ်မထင်ပါဘူးဆိုတဲ့စိတ်နဲ့ မျှော်လင့်ချက်မထားဘဲ သွားကြည့်ခဲ့တာပါ။ မထင်မှတ်ဘဲ ကြည့်လို့ကောင်းခဲ့ပါတယ်။ သိသင့်တာလေးတွေထပ်ရှာဖတ်ပြီး နောက်ထပ်တစ်ခေါက်ထပ်ကြည့်ဖြစ်မယ် ထင်ပါတယ်။ ကျနော်ကတော့ ၁၀ မှာ ၈.၅ ပေးပါတယ်ခင်ဗျ။

░ 77% = Rotten Tomatoes
░ 8.1/10 = IMDb

(အညွှန်းကို Burma Flickster facebook page မှကူးယူဖော်ပြထားပါတယ်)

Genre: , , Director: Actors: , , , Country: Released: 29 Mar 2018
Score: 7.6 Duration: 140 min Quality: 1080p Years: View: 1,891