
ဒီကားလေးကတော့ ဖုတ်ကောင်ကားတွေထဲမှာ လုံးဝထူးခြားတယ်လို့ ပြောလို့ရတဲ့ Comedy,Horror,Romance အမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပြီး IMDb rating 6.9/10 အထိရရှိထားပါတယ်။
ဒီကားလေးက တွေ့နေကျဖုတ်ကောင်ကားတွေလို ဇာတ်လမ်းမျိုးမဟုတ်ဘဲ လူသားကောင်မလေးတစ်ယောက်နဲ့ ချစ်မိသွားခဲ့တဲ့ ဖုတ်ကောင်ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ။
ဇာတ်လမ်းအစမှာ R ဆိုတဲ့ဖုတ်ကောင်ကောင်လေးတစ်ယောက်ဟာ အခြားဖုတ်ကောင်တွေနဲ့အတူ လေဆိပ်မှာသွားလာနေထိုင်ပါတယ်။ တစ်ရက်မှာ လူသားတွေနေတဲ့နေရာက လူငယ်အဖွဲ့တစ်ဖွဲ့က ဆေးဝါးပစ္စည်းတွေလာရှာကြပါတယ်။သူတို့အထဲမှာ ဂျူလီဆိုတဲ့ကောင်မလေးလည်း ပါလာခဲ့ပါတယ်။ သူတို့အဖွဲ့နဲ့ Rတို့ဖုတ်ကောင်တွေ အစာရှာထွက်တာနဲ့ တည့်တည့်တိုးပြီး ဂျူလီရဲ့ကောင်လေး ပယ်ရီကို R က စားပစ်လိုက်ပါတယ်။ ဒီမှာလှည့်ကွက်လေးက လူတစ်ယောက်ရဲ့ဦးနှောက်ကို ဖုတ်ကောင်ကစားလိုက်ရင် သူ့ခံစားချက်နဲ့အမှတ်တရတွေကို ခံစားလို့ရတာပါပဲ။ ဒီတော့ ပယ်ရီရဲ့ဦးနှောက်ကိုစားလိုက်တဲ့ R တစ်ယောက် ဂျူလီအပေါ်ထူးဆန်းတဲ့ ခံစားချက်တွေရှိလာခဲ့ပြီး မစားဘဲနဲ့သူနေတဲ့ လေယာဥ်ပျက်ကြီးဆီခေါ်လာခဲ့ပါတယ်။
ဒီတော့ဖုတ်ကောင်တွေကို ကြောက်ရွံ့နေတဲ့ဂျူလီတစ်ယောက် Rနဲ့အဆင်ပြေပါ့မလား။ Rကရောဖုတ်ကောင်တွေလက်က ဂျူလီကိုကာကွယ်ထားနိုင်မှာလား။ သူတို့နှစ်ယောက်ကြားမှာ ဘာတွေဆက်ဖြစ်မလဲ။ ဂျူလီကိုချစ်မိသွားတဲ့ Rတစ်ယောက်ရော ဘာတွေကြုံရမလဲဆိုတာကိုတော့ ဒီကားလေးထဲမှာရှုစားရမှာဖြစ်ပါတယ်။ လူသားနဲ့ဖုတ်ကောင်ကြားထဲမှာ အချစ်ရှိလာတဲ့အခါ ကြုံရတာလေးတွေကို ထူးထူးခြားခြားရိုက်ကူးထားတာပဲဖြစ်ပါတယ်နော်။