
မကြာသေးခင်ကမှထွက်ရှိထားတဲ့ အမေရိကန်စစ်ကားတစ်ကားဖြစ်တဲ့”The Outpost”ဟာ ၂၀၀၉ခုနှစ်က အာဖဂန်နစ္စတန်မှာဖြစ်ပွားခဲ့တဲ့ ကမ်ဒက်ရှ်တိုက်ပွဲအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်း
အာဖဂန်မှာအခြေစိုက်ထားတဲ့ အမေရိကန်တို့ရဲ့ ကိဒ်တင်းစစ်စခန်းဟာ မြင့်မားတဲ့တောင်သုံးလုံးပတ်လည်ဝန်းရံထားပြီး တောင်တွေရဲ့ကြား ချိုင့်ဝှမ်းထဲမှာတည်ရှိနေပါတယ်။အဲဒီ့စခန်းထဲမှာတော့ အင်အားဆယ်ဂဏန်းခန့်ရှိတဲ့ အမေရိကန်စစ်သားတွေ တပ်စွဲလျက်ရှိပါတယ်။မြေနိမ့်ရာအရပ်မှာတည်ရှိနေတဲ့စစ်စခန်းဟာ ရန်သူတာလီဘန်တွေအတွက်တော့ မြင်ကွင်းကောင်းတစ်ခုဖြစ်ခဲ့ပြီး နေ့တိုင်းလိုလို တောင်ပေါ်ကနေချောင်းမြောင်းပစ်ခတ်ခံရပါတယ်။တာလီဘန်တွေရဲ့နေ့စဥ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်မှုတွေကိုခုခံရင်း စစ်သားတွေဟာငြိမ်းချမ်းရေးရရှိစေဖို့ရည်ရွယ်ပြီး နယ်ခံခေါင်းဆောင်အကြီးအကဲတွေနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေလုပ်ဆောင်ဖို့ ဦးစားပေးညှိနှိုင်းကြပါတယ်။
အတိုင်းအတာတစ်ခုအထိ တာဝန်တွေဆောင်ရွက်ပြီးတဲ့အခါမှာတော့ ကိဒ်တင်းစစ်စခန်းကိုပိတ်သိမ်းပြီး နေရပ်ပြန်ကြဖို့အတွက် အမိန့်ကျလာပါတော့တယ်။အိမ်ကိုပြန်ကြဖို့အတွေးတွေနဲ့ပျော်ရွှင်နေကြတဲ့ အမေရိကန်စစ်သားတွေဟာ ပြင်ဆင်နေကြတုန်းမှာပဲ အင်အား၄၀၀ကျော်လောက်ရှိတဲ့ တာလီဘန်တွေရုတ်တရက်ဝင်တိုက်တဲ့အခါမှာတော့……
မြေနိမ့်ပိုင်းမှာအခြေစိုက်ထားတဲ့ အင်အားဆယ်ဂဏန်းခန့်သာရှိတဲ့အမေရိကန်တပ်လေးဟာ တောင်တွေပေါ်ကနေရုတ်တရက် အလုံးအရင်းနဲ့ဝင်တိုက်လာတဲ့ အင်အားလေးရာကျော်လောက်ရှိတဲ့ တာလီဘန်တွေကိုဘယ်လိုခုခံတိုက်ခိုက်ခဲ့ကြလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဒါ့အပြင် တိုက်ပွဲအတွင်းမှာ အနစ်နာခံ၊အသက်စွန့်ပြီး တစ်ယောက်နဲ့တစ်ယောက်ကူညီခဲ့ကြတဲ့ အမေရိကန်စစ်သားတွေရဲ့လေးစားဖွယ်စိတ်ထားကိုလဲ သေချာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။
ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ဇာတ်လမ်းအဆုံးမှာတော့ ကမ်ဒက်ရှ်တိုက်ပွဲမှာပါဝင်ဆင်နွှဲခဲ့ကြတဲ့ တကယ့်စစ်သားတွေရဲ့ပုံကိုပြထားတဲ့အပြင် အသက်ရှင်ကျန်ရစ်ခဲ့တဲ့စစ်သားတွေရဲ့ အဲဒီ့နေ့အကြောင်း ပြန်ပြောင်းပြောဆိုထားတဲ့ အင်တာဗျူးလဲပါဝင်တဲ့အတွက် အဆုံးထိကြည့်ရှုကြဖို့တိုက်တွန်းလိုက်ရပါတယ်…..