
ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့ ခပ်ဆန်းဆန်းဇာတ်အိမ်လေးနဲ့ ရှယ်ခွီရမယ့် Rumbleဆိုတဲ့ Animationကားကောင်းလေးပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းကိုပြောရရင် ကမ္ဘာမြေပေါ်ကို တိုက်တန်တို့ ခရာကန်တို့ ကိုင်ဂျူတို့လို ဧရာမသတ္တဝါကြီးတွေ တက်လာပြီးချိန်မှာ မိစ္ဆာနပန်းပွဲဆိုတဲ့အားကစားက လူကြိုက်အများဆုံးဖြစ်လာခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ သတ်ပုတ်မယ့်သတ္တဝါကြီးတွေကို နည်းပြလူသားတွေက လေ့ကျင့်ပေးပြီးတော့ သူတို့ရဲ့ပန်းတိုင်က ချန်ပီယံခါးပတ်ကို ဆွတ်ခူးနိုင်ဖို့ပဲဖြစ်ပါတယ်။ အဲဒီလိုအမြင့်ဆုံးဖြစ်တဲ့ ခါးပတ်ဆုကြီးကို၉ကြိမ်တိတိ သိမ်းပိုက်ထားတာကတော့ စတုတ်ကာမြို့က ရေးဗန်းနဲ့ဂျင်ဘိုတို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့မရှိတော့တဲ့နောက်ပိုင်းမှာ စတုတ်ကာမြို့လည်း ကိုယ်စားပြုချန်ပီယံမဲ့နေခဲ့ပြီး တန်တာကူလာဆိုတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ကို ပုံအောပြီးယုံအပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ တန်တာကူလာက ခါးပတ်ဆုကြီးရချိန်မှာ ဒီထက်ပိုသာတဲ့မြို့ဆီရောက်သွားချိန်မှာတော့ အားကစားရုံဆောက်ထားတဲ့ အကြွေးတွေနစ်ပြီး ကျန်ရစ်ခဲ့ပါတော့တယ်။ ဒီအခြေအနေကို အဖက်မဆယ်နိုင်ရင် အားကစားရုံကိုဖျက်ပြီး ကားပါကင်ဆောက်ဖို့ ထိုးရောင်းရတော့မယ့်အချိန်မှာ ဂျင်ဘိုရဲ့သမီးလေး ဝင်နီတစ်ယောက် စတုတ်ကာမြို့ကိုကိုယ်စားပြုယှဥ်ပြိုင်ပေးမဲ့ အကောင်ကြီးရှာဖို့ ထွက်လာပါတော့တယ်။
ဒီလိုနဲ့ဝင်နီတစ်ယောက် ရေးဗန်းဂျူနီယာနဲ့ဆုံပြီး အလွဲလွဲအချော်ချော်ကြားက သူတို့မြို့အားကစားရုံလေးကို ကယ်တင်နိုင်ဖို့ကြိုးစားပုံကို ရှုစားရမှာပါ။ ဂျင်ဘိုနဲ့ရေးဗန်းခေတ်က ဟိတ်ဟန်တွေနဲ့အောင်ပွဲခံနိုင်ခဲ့ပေမဲ့ သူတို့သားသမီးဝင်နီနဲ့ ရေးဗန်းဂျူနီယာလက်ထက်မှာတော့ ကိုယ့်နည်းကိုယ်ဟန်သုံးပြီး အကနဲ့နပန်းကိုပေါင်းစပ်ကာ သမိုင်းသစ်တစ်ခုရေးထိုးဖို့ လုပ်လာကြတာအောင်မြင်ပါ့မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေး စိတ်အပန်းဖြေရင်း ကြည့်လိုက်ကြပါဦး။