
မားကပ်က စစ်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့ စစ်သားလူကြမ်းကြီးတစ်ယောက်ပါ။ တစ်နေ့ကျတော့ သူ့ဇနီးဖြစ်သူက ရထားမတော်တဆမှုမှာ ဆုံးပါးသွားတာကြောင့် တစ်ယောက်တည်းကျန်ရစ်ခဲ့တဲ့ သမီးလေးဆီပြန်လာရဖို့ ဖြစ်လာပါတယ်။
မတော်တဆဖြစ်သွားတဲ့ ရထားပေါ်မှာ အော်တိုဆိုတဲ့ သင်္ချာပညာရှင်တစ်ယောက်လည်း ပါလာခဲ့ပြီး ရထားမတော်တဆမှုက တကယ်တော့ မတော်တဆမဟုတ်ဘူးလို့ မားကပ်ကိုပြောလာချိန်မှာတော့ မားကပ်တစ်ယောက် လက်စားချေဖို့ အကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ဘဲ မတော်တဆဖြစ်ရတဲ့ အကြောင်းအရင်းကို မားကပ်ဆိုတဲ့ စစ်သားကြီးရယ်၊ အော်တိုဆိုတဲ့ လက်တစ်ဖက်မသန်တဲ့လူရယ်၊ လန်နက်ဆိုတဲ့ သူ့သူငယ်ချင်းခပ်ကြောင်ကြောင်တစ်ယောက်ရယ်၊ အမ်မာသဲလာဆိုတဲ့ ကွန်ပြူတာပညာရှင် ဖက်တီးတစ်ယောက်ရယ်ပေါင်းပြီး ဖော်ထုတ်ကြပါတော့တယ်။ စရိုက်မတူတဲ့သူတို့တွေ အဆင်ပြေကြပါ့မလား။ သူတို့ရဲ့တွက်ချက်မှုကပြောသလိုပဲ ဒါကမတော်တဆမဟုတ်ဘဲ လုပ်ကြံမှုများလား။ စုံစမ်းရင်းနဲ့ ကြုံလာရတဲ့ ပြဿနာတွေကို ကိုယ့်နည်းကိုယ့်ဟန်ဖြေရှင်းကြရင်း အချင်းချင်းရင်းနှီးလာပြီး ဘာတွေဆက်ဖြစ်လာမလဲကို ဟာသဆန်ဆန်ရိုက်ပြထားတဲ့ ဒိန်းမတ်ကားလေးဖြစ်ပါတယ်။