
အဲလက်စ်ပါရေးလ်က လျှို့ဝှက်သည်းဖိုစာအုပ်တစ်အုပ်ထွက်ရှိပြီး အောင်မြင်နေတဲ့တက်သစ်စ စာရေးဆရာတစ်ယောက်၊ သူနဲ့တွဲခုတ်နေတဲ့ မိန်းကလေးက အာချနာပီလိုင်ဆိုတဲ့ ရှေ့နေမလေး။ အလုပ်များလွန်းတဲ့ ကောင်မလေးကို ချော့တခါ စိတ်ကောက်တလှည့်နဲ့နှစ်ဦးတည်း အေးအေးဆေးဆေး ခရီးသွားဖို့ အဲလက်စ် နားချနိုင်ခဲ့တယ်။
သူတို့ နှစ်ယောက်အပြင် ဘယ်သူမှ မပါ၊ ဘယ်သူ့ကိုမှလဲ အသိမပေး၊ အလုပ်တွေ တာဝန်တွေ လိုက်မနှောင့်ယှက်နိုင်အောင် ဖုန်းတွေပါထားပစ်ခဲ့တဲ့အထိပဲ။
သူတို့ခရီးထွက်လာခဲ့တဲ့ ညက မိုးသည်းလွန်းတဲ့ညတစ်ည။ လူသူကင်းပြတ်တဲ့နေရာကျမှ ကားပျက်သွားတော့ ဆက်သွယ်စရာအကူအညီတောင်းစရာ ဖုန်းကလဲပါမလာတဲ့နောက် အနီးအနားက တစ်လုံးထဲသောအိမ်ကြီးအိမ်ကောင်းတစ်ခုဆီကို အကူအညီတောင်းဖို့ဖြစ်လာခဲ့ပါတယ်။ အိမ်ရှင်ဟာ ထူးဆန်းတဲ့အပြုအမူအပြောအဆိုတွေနဲ့သိနားလည်ရခက်တဲ့ပုံစံမျိုးဖြစ်တယ်။
စကားဝိုင်းဖွဲ့ပြောရင်း မိတ်ဆက်ရင်းက ရုတ်တရက်မီးပျက်သွားတဲ့ နောက် မိန်းခလုတ်ကိုလိုက်ရှာရင်း မြေတိုက်ခန်းထဲမှာ အဲလက်စ်နဲ့ အဲ့ဒီအိမ်ရှင်သူစိမ်းနဲ့ကြိုးတုပ်ခံထားရတဲ့ အမျိုးသမီးအလောင်းတစ်လောင်းကိုတွေ့လိုက်ရတဲ့အချိန်မှာတော့…
ဇာတ်ရှိန်တက်လာတာနဲ့အမျှ မေးခွန်းတွေ ပဟေဠိတွေ များသထက်များလာပါလိမ့်မယ်။
ဝါသနာပါရင် ကိုယ်တိုင်အဖြေရှာစဉ်းစားကြည့်လို့ရပါတယ်။
သေချာတာတစ်ခုကတော့ လူသတ်သမားဟာ အိမ်အပြင်က မဟုတ်ပါဘူး။
Irul ဟာ စလာကတည်းကနေ အဆုံးသတ် စက္ကန့်ပိုင်းအထိ ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် လျှို့ဝှက်သည်းဖိုဇာတ်ကားကောင်းတစ်ကားပါ။